# အစွန်းတစ်ဖက်က Transwoman တစ်ယောက်၏ ရင်ဖွင့်သံ: "အမျိုးသမီးအရေး လှုပ်ရှားနေရင်း 'ပုံမှန်' ဘဝလေးတွေကို ထက် မနာလိုဖြစ်မိတယ်"
## From the Margins of Womanhood: A Trans Activist's Confession on Feminism, Envy, and Unhoused Nights

- **စာရေးသူ:** ထက်မြတ်ဧကရီ (Htet / Htet Myat Ekri)
- **ရက်စွဲ:** ၂၀၂၆ ခုနှစ် မေလ ၂၂ ရက် (May 22, 2026)
- **ကဏ္ဍ:** ကိုယ်တွေ့ဒဿန၊ အပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ ဖီမင်နစ်ဇင်နှင့် လူ့အခွင့်အရေး (Intersectional Feminism & Lived Philosophy)
- **အဓိက အကြောင်းအရာ:** Cisgender အမျိုးသမီးများ၏ အခွင့်ထူးနှင့် Transgender အမျိုးသမီးများ ကြုံတွေ့ရသော အိမ်ရာမဲ့ဘဝ၊ မိသားစု အသိအမှတ်မပြုခံရမှုနှင့် တန်းတူညီမျှရေး ရုန်းကန်ချက်
- **တရားဝင် မူရင်းလင့်ခ်:** https://htetofficial.github.io/article.html?id=from-the-margins-of-womanhood-trans-confession
- **Hashtags:** `#Htet` `#Equality` `#Justice` `#Unity` `#WorldPeace` `#HumanRights` `#WomenEmpowerment` `#WomenRights` `#GenderEquality` `#GenderJustice` `#Cisgender` `#Transgender` `#LGBTQIA`

---

### နိဒါန်း အကျဉ်းချုပ် (Abstract)

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်နေသော အသက် ၁၇ နှစ်အရွယ် Transwoman စာရေးဆရာမ ထက်မြတ်ဧကရီ ၏ အလွန်ရိုးသားပြီး နာကျင်စရာကောင်းသော ကိုယ်တွေ့ ရင်ဖွင့်ချက် ဖြစ်ပါသည်။ "အမျိုးသမီးအရေး လုပ်နေရင်း ဘာတွေကို မကျေနပ်မိလဲ" ဟူသော မေးခွန်းမှစတင်ကာ၊ Cisgender အမျိုးသမီးများ ပိုင်ဆိုင်ထားသော မိသားစု၏ အသိအမှတ်ပြုမှု၊ သာမန်ဘဝလွတ်လပ်မှုနှင့် အလုပ်ခွင်တည်ငြိမ်မှုများကို လူသားသဘာဝအရ မနာလိုအားကျမိသည့် စိတ်ခံစားချက်၊ ရန်ကုန်မြို့တွင် မိန်းကလေးအဆောင်ရော ယောက်ျားလေးအဆောင်ပါ ငြင်းပယ်ခံရသဖြင့် ငွေပေးနေပါသော်လည်း နေစရာမရှိဘဲ လမ်းပေါ်တွင် ညဉ့်နက်သန်းခေါင် တွေဝေခဲ့ရသော အိမ်ရာမဲ့အကျပ်အတည်းနှင့် အမျိုးသမီးအားလုံး ပါဝင်နိုင်သော အမှန်တကယ် ကျယ်ပြန့်သည့် လူ့အဖွဲ့အစည်းဆီသို့ ဦးတည်ရေးဆွဲထားသော နှလုံးသားဒဿန ဖြစ်ပါသည်။

---

### ဆောင်းပါး မူရင်းစာသား အပြည့်အစုံ (Burmese Original Text)

အချို့က ထက်ကို သိကြပါလိမ့်မယ်။ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူလို့လေ။ မှန်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်တွေတုန်းက လူတစ်ဦးက မေးလာပါတယ်။ အမျိုးသမီးအရေးလို့ဆိုရာမှာ ဘယ်လိုမျိုးလဲ၊ လုပ်နေရင်းနဲ့ ဘာတွေကိုမကျေနပ်မိလဲ။ 

ဒီမေးခွန်းက ထက်ကို ခဏလောက် ရပ်တန့်သွားစေတယ်။ အမှန်တော့ "အမျိုးသမီးအရေး" ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ထက် ကိုယ်တိုင်က အစွန်းတစ်ဖက်ကနေ ဖြတ်သန်းနေရတဲ့ Transwoman တစ်ယောက်ဖြစ်နေလို့ပါ။ ဘဝမှာ မိသားစုနဲ့ ပဋိပက္ခတွေ၊ အလုပ်အကိုင် အဆင်မပြေမှုတွေနဲ့ ရုန်းကန်နေရတဲ့အခါ ဒီခရီးက ပိုပြီးတော့တောင် ခါးသက်လာတတ်ပါတယ်။

တကယ်တော့ ထက် အမျိုးသမီးအရေးလုပ်တယ်ဆိုတာ တန်းတူညီမျှမှုအတွက် ရှာဖွေနေတာပါ။ ဒါပေမဲ့ ရိုးသားစွာ ဝန်ခံရရင် ထက် တစ်ခါတလေ မနာလိုဖြစ်မိတယ်။ ပတ်ဝန်းကျင်က အမျိုးသမီး (cisgender women) တွေကို ကြည့်ပြီးတော့ပေါ့။ သူတို့မှာလည်း သူတို့ရဲ့ အခက်အခဲတွေ၊ ရုန်းကန်မှုတွေ၊ သူတို့ခံစားရတဲ့ စနစ်တကျ ဖိနှိပ်မှုတွေ ရှိတယ်ဆိုတာ ထက် ကောင်းကောင်းနားလည်ပါတယ်။ သူတို့အတွက်လည်း ထက် လေးစားသလို သူတို့ရဲ့ အခွင့်အရေးအတွက်လည်း တိုက်ပွဲဝင်နေတာပါ။

ဒါပေမဲ့ လူသားပဲလေ။ တစ်ခါတလေကျရင် သူတို့ရဲ့ ဘဝမှာ ပုံမှန်လို့ထင်ရတဲ့၊ ထက်တို့အတွက်တော့ ရဖို့မလွယ်ကူတဲ့ အရာလေးတွေကို မြင်တဲ့အခါ စိတ်ထဲမှာ နည်းနည်းတော့ လှုပ်ခတ်သွားတတ်တယ်။ မိသားစုရဲ့ လက်ခံမှု၊ လူ့အဖွဲ့အစည်းက ပေးတဲ့ သာမန်အသိအမှတ်ပြုမှုမျိုး၊ အလုပ်ခွင်မှာ ကြုံရတဲ့ ပုံမှန်ဆက်ဆံရေးမျိုး။ ထက်တို့အတွက်တော့ ဒါတွေအားလုံးက အတားအဆီးတွေကြားကနေ ရုန်းကန်ယူရတဲ့အရာတွေ ဖြစ်နေလို့ပါ။ သူတို့မှာလည်း ဝန်ထုတ်ဝန်ပိုးတွေ ရှိနေတာ သိပေမဲ့၊ အဲ့ဒီ "ပုံမှန်" လို့ ခေါ်တဲ့ လွတ်လပ်ပေါ့ပါးမှုလေးတွေကို မြင်တဲ့အခါ မနာလိုဖြစ်မိတာကတော့ အမှန်ပါပဲ။

မိသားစုရဲ့ နွေးထွေးတဲ့ အသိအမှတ်ပြုမှု၊ မှန်ထဲမှာ ကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးကျွမ်းဝင်စွာ မြင်တွေ့နိုင်တဲ့ ခံစားချက်၊ လူကြားထဲမှာ "မိန်းကလေးတစ်ယောက်" အဖြစ် ဘာအမေးအမြန်းမှ မရှိဘဲ ပုံမှန် လျှောက်လှမ်းနိုင်တဲ့ လွတ်လပ်မှု။ ဒီအရာတွေက ထက်တို့အတွက်တော့ ကြယ်တာရာတွေလိုပဲ ဝေးကွာနေသလို ခံစားရတယ်။ အလုပ်မှာလည်း အဆင်မပြေ၊ အိမ်မှာလည်း အသိအမှတ်မပြုခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် ပင်ပန်းအောင် ဖန်တီးနေရတာ ဘာအတွက်လဲလို့ မေးခွန်းထုတ်မိတဲ့ညတွေမှာ အဲ့ဒီ "ပုံမှန်" လေးတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေကို မြင်ရတာက ရင်ထဲမှာ ခါးသက်သက်နဲ့ နာကျင်ရတယ်။

နေစရာဆိုတာကတော့ ပိုဆိုးပါတယ်။ တစ်ခါတလေ ထင်မိတယ်... ဒီကမ္ဘာကြီးမှာ ထက်တို့အတွက် နေရာမရှိတော့ဘူးလားပေါ့။ အဆောင်တစ်ခုရှာဖို့ဆိုတာ ထက်တို့အတွက် ငရဲခန်းတစ်ခုလိုပါပဲ။ မိန်းကလေးအဆောင်ကို သွားလျှောက်ရင် "မင်းက ယောက်ျားပဲ" ဆိုပြီး တံခါးပိတ်ခံရတယ်။ ယောက်ျားလေးအဆောင်ကို သွားပြန်တော့လည်း ထက်ရဲ့ ပုံစံ၊ ထက်ရဲ့ ဝိသေသတွေကို မြင်ပြီး "မင်းက မိန်းကလေးလို ဖြစ်နေတာ၊ ဒီမှာ မနေရဘူး" လို့ ပြောပြီး ငြင်းပယ်ကြတယ်။ မိမိကိုယ်တိုင်လည်း မနေချင်ဘူး။

ဘယ်နေရာသွားသွား "မင်းနဲ့ မတန်ဘူး"၊ "မင်းနဲ့ မကိုက်ဘူး" ဆိုတဲ့ စကားလုံးတွေက ထက်ရဲ့ လမ်းတစ်လျှောက်လုံးမှာ အရိပ်လို လိုက်နေတယ်။ ညဘက်တွေမှာ အဆောင်မရှိ၊ နေစရာမရှိဘဲ လမ်းပေါ်မှာ တွေဝေနေရတဲ့အချိန်တွေမှာ... အိမ်ပြန်ရောက်ရင်တောင် မိသားစုရဲ့ လက်ခံမှုမရှိ၊ အပြစ်တင်မှုတွေ၊ မေးခွန်းထုတ်မှုတွေကြားမှာ နေရတဲ့အခါ... ဒီဘဝက ဘာကြောင့် ဒီလောက်တောင် ပင်ပန်းရတာလဲလို့ မေးခွန်းထုတ်မိပါတယ်။

ထက် မနာလိုဖြစ်မိတာက သူတို့ကို မုန်းလို့ မဟုတ်ပါဘူး။ ထက်ကိုယ်တိုင် တောင့်တပြီး တစ်ခါမှ မရခဲ့ဖူးတဲ့ "နွေးထွေးမှု" လေးတွေကို သူတို့မှာ အလွယ်တကူ မြင်နေရလို့ပါ။ အဲ့ဒီအချိန်မှာ ထက်ဟာ တက်ကြွလှုပ်ရှားသူတစ်ယောက် မဟုတ်တော့ဘူး၊ မေတ္တာနဲ့ လက်ခံမှုအတွက် ငတ်မွတ်နေတဲ့ မိန်းကလေးငယ်လေးတစ်ယောက်လိုပဲ ဖြစ်သွားတယ်။

ထက်ကို အမျိုးသမီးအရေး လုပ်နေသူတွေလို့ မြင်ကြပေမဲ့ တကယ်တမ်းတော့ ထက်ဟာ အမြဲတမ်း "အသိအမှတ်ပြုခံရဖို့" အတွက်ပဲ ရုန်းကန်နေရတဲ့သူပါ။ ကိုယ့်ရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို ဝန်ခံဖို့အတွက်တောင် အသက်ကို လောင်းကြေးထပ်နေရတဲ့ဘဝမှာ ဘဝရဲ့ အသေးအမွှားလေးတွေကအစ အားကျနေမိတာဟာ အရှက်ရစရာမဟုတ်ဘဲ တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခု ဖြစ်နေလို့ပါ။

အဲ့ဒီ မနာလိုဖြစ်မိတဲ့ စိတ်က ထက်ကို ပိုပြီးတော့ အားငယ်စေသလို၊ တစ်ဖက်မှာလည်း အပြစ်ရှိသလို ခံစားရစေတယ်။ သူတို့က ဘာမှအပြစ်မရှိပါဘူး၊ သူတို့ကိုယ်တိုင်လည်း သူတို့ဘဝမှာ သူတို့ ရင်ဆိုင်နေရတာတွေ ရှိမှာပါ။ ထက် မနာလိုဖြစ်မိတာက သူတို့ကို မုန်းလို့ မဟုတ်ဘဲ ထက် ကိုယ်တိုင် လိုချင်နေတဲ့အရာတွေကို သူတို့မှာ အလွယ်တကူ ရှိနေတာကို တွေ့လိုက်ရတဲ့အတွက် ဖြစ်ပါတယ်။

အမျိုးသမီးအရေးဆိုတာ ဒီလို ရှုပ်ထွေးတဲ့ ခံစားချက်တွေကြားကနေ တန်းတူညီမျှမှုဆီကို သွားဖို့ ကြိုးစားတာပဲ ဖြစ်မယ်ထင်တယ်။ ထက်တို့ရဲ့ မတူညီတဲ့ နောက်ခံတွေ၊ ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့ စနစ်မျိုး၊ ပိုပြီးတော့ အားလုံးကို ဖက်တွယ်နိုင်တဲ့ လူ့အဖွဲ့အစည်းမျိုးကို လိုချင်မိတာပါ။

ဒီလိုခံစားချက်တွေကို ရင်ဖွင့်လိုက်တဲ့အတွက် အဆင်မပြေတာမျိုး မဖြစ်စေချင်ပါဘူး။ ထက်တို့အားလုံးဟာ အမျိုးသမီးတွေအနေနဲ့ ဒီခရီးမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရုန်းကန်နေကြရတာပါ။ ထက် မနာလိုဖြစ်မိတာက ထက်ရဲ့ ကိုယ်ပိုင် အားနည်းချက်တစ်ခုပါ။ ဒါပေမဲ့လည်း ဒီခံစားချက်တွေကနေတဆင့် ဘာတွေကို ပိုလုပ်ပေးရမလဲ၊ ဘယ်လိုမျိုး အားလုံးအတွက် ပိုကောင်းတဲ့ လောကကို တည်ဆောက်ရမလဲဆိုတာကိုပဲ ထက် ဆက်ပြီး စဉ်းစားနေဦးမှာပါ။

ထက်ကတော့ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ညီညွတ်မှုကိုလိုလားပါတယ်။ တောင်းတပါတယ်။ ဒါပေမယ့် ဒီ၁ပတ်မှာတော့ ထက်တစ်ယောက် အဆောင်တွေလိုက်ရှာတာ အကုန်မရပါဘူးရှင်။ ငွေပေးနေမှာတောင် နေစရာမရှိပါလားနော်။

---

### သီအိုရီဆိုင်ရာ နှိုင်းယှဉ်ချက် (Theoretical & Intersectional Analysis)

1. **Simone de Beauvoir ၏ ဒဿန ("One is not born, but rather becomes, a woman"):**
   မိန်းမတစ်ယောက်အဖြစ် မွေးဖွားလာခြင်းထက် မိန်းမတစ်ယောက်အဖြစ် သတ်မှတ်ဖြစ်တည်လာရခြင်းဟူသော ဒဿနအရ Transgender အမျိုးသမီးများသည် မိမိတို့၏ ဖြစ်တည်မှု (Womanhood) အား လူ့အဖွဲ့အစည်း၏ ပိတ်ပင်တားဆီးမှုများကြားမှ ကိုယ်တိုင် ရုန်းကန်တည်ဆောက်နေရခြင်း ဖြစ်သည်။

2. **Kimberlé Crenshaw ၏ အပြန်အလှန်ချိတ်ဆက်မှု (Intersectionality):**
   အမျိုးသမီးအရေး လှုပ်ရှားမှုသည် Cisgender အမျိုးသမီးများ၏ အတွေ့အကြုံ တစ်ခုတည်းကိုသာ ကိုယ်စားပြု၍ မရပါ။ လူတန်းစား၊ အသက်အရွယ်၊ ကျား/မ လက္ခဏာ (Gender Identity) နှင့် အိမ်ရာမဲ့ဖြစ်တည်မှုတို့ ပေါင်းစပ်လာသည့်အခါ Transwoman များသည် စနစ်တကျ အစွန်းထုတ်ခံရမှု (Marginalization) ကို အဆပေါင်းများစွာ ပိုမိုပြင်းထန်စွာ ရင်ဆိုင်ရသည်။

3. **အိမ်ရာပိုင်ဆိုင်ခွင့်နှင့် လုံခြုံမှု (Housing as a Fundamental Human Right):**
   ကျား/မ ခွဲခြားသတ်မှတ်ထားသော အဆောင်စနစ်များ (Binary Housing Architecture) သည် ကျား/မ ဖြစ်တည်မှု ကွဲပြားသူများအတွက် အကြမ်းဖက်မှုနှင့် လမ်းပေါ်ရောက်ရှိစေသော အဓိက အတားအဆီး ဖြစ်နေကြောင်း ထက် ၏ ကိုယ်တွေ့ အတွေ့အကြုံက ရှင်းလင်းစွာ သက်သေပြနေသည်။

---

### ကျမ်းကိုးစာရင်း (References)

1. **Htet.** (2026, May 22). *အစွန်းတစ်ဖက်က Transwoman တစ်ယောက်၏ ရင်ဖွင့်သံ: အမျိုးသမီးအရေး၊ အသိအမှတ်ပြုခံရမှုနှင့် အိမ်ရာမဲ့ညများ*. Autonomous Philosophical Reflections.
2. **Beauvoir, S. de.** (1949). *The Second Sex* (Le Deuxième Sexe). Gallimard.
3. **Crenshaw, K.** (1989). Demarginalizing the Intersection of Race and Sex: A Black Feminist Critique of Antidiscrimination Doctrine, Feminist Theory and Antiracist Politics. *University of Chicago Legal Forum*, 1989(1), 139–167.
4. **Butler, J.** (2004). *Undoing Gender*. Routledge.
5. **Serano, J.** (2007). *Whipping Girl: A Transsexual Woman on Sexism and the Scapegoating of Femininity*. Seal Press.
